ယခု လက်ရှိဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါပိုးသည် အလွန်ကူးစက်မြန်ပြီး ရောဂါပိုးရှိသူ လူနာ ချောင်းဆိုး၊ နှာချေ ရာမှ ထွက်လာသော အစက်အမှုန်အမွှားများကို ရှူရှိုက်မိခြင်း၊ လက်ဖြင့်ဗိုင်းရပ်စ်ရှိနေသော မျက်နှာပြင်များကိုကိုင်တွယ်မိပြီးနောက် မိမိ၏ မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်ကို ပြန်လည် ထိတွေ့မိခြင်း၊ ရောဂါကူးစက်ခံစားနေရသူနှင့် အနီးကပ်ထိတွေ့ခြင်း တို့မှတစ်ဆင့် ကူးစက်နိုင် ပါသည်။
ရာသီတုပ်ကွေး ရောဂါလက္ခဏာများ
~~~~~~~~~~~~
ရောဂါလက္ခဏာများအနေဖြင့် ရောဂါပိုးနှင့် ထိတွေ့ပြီး ၁ ရက်မှ ၄ ရက်အတွင်း ရုတ်တရက် ကိုယ်ပူခြင်း၊ အဖျားကြီးခြင်း(၃၈°C သို့မဟုတ် ၁၀၀.၄°F နှင့်အထက်)၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်းနှင့် နှာရည်ယိုခြင်း၊ ချောင်းခြောက်ဆိုးခြင်း (၎င်းသည် ပြင်းထန်နိုင်ပြီး ရက်သတ္တပတ် (၂) ပတ်ကျော်အထိ ကြာမြင့် နိုင်ပါသည်)၊ ကြွက်သားနှင့် အဆစ်အမြစ်များ ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အလွန် အမင်း နုံးချိခြင်းတို့ဖြစ်ကြပြီး ကလေးငယ်များတွင် ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင် ပါသည်။
ပြင်းထန်ရောဂါလက္ခဏာများ
~~~~~~~~~~~
ရာသီတုပ်ကွေးရောဂါသည် သာမန်အားဖြင့် ၅ ရက်မှ ၇ ရက်ခန့်အတွင်း ပြန်လည် သက်သာ သွားလေ့ရှိသော်လည်း အောက်ပါ ပြင်းထန်သော လက္ခဏာများ ကို ခံစားရပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသပြီး အရေးပေါ်ကုသမှု ခံယူရပါမည် -
✨အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူရသည်မှာ မဝသကဲ့သို့ ဖြစ်ခြင်း၊ အသက်ရှူနှုန်း အလွန်မြန်ခြင်း သို့မဟုတ် အသက်ရှူလျှင် မောဟိုက်နေခြင်း၊
✨ ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်အတွင်း တင်းကျပ်နေခြင်း သို့မဟုတ် အသက်ရှူသွင်း၊ ရှူထုတ်သည့်အခါတွင် နာကျင်ခြင်း၊
✨ချောင်းဆိုးရာတွင် သလိပ်ထဲ၌ သွေးပါလာခြင်း သို့မဟုတ် အဝါရောင်၊ အစိမ်းရောင် သလိပ်များ အလွန်အများထွက်လာခြင်း၊
✨အဖျား လုံးဝမကျခြင်း သို့မဟုတ် အဖျားပြန်တက်လာခြင်း (အထူးသဖြင့် အဖျားကျ သွားပြီးမှ ပြန်တက်လာခြင်း)
✨အဖျားကြီး၍ တက်ခြင်း၊ သတိလစ်ခြင်း၊
✨ကလေးငယ်များတွင်အသက်ရှူလျှင် ရင်ဘတ်ချိုင့်ဝင်ခြင်း (အသက်ရှူရ ခက်ခဲသော ကြောင့် နံရိုးကြားများ ချိုင့်ဝင်သည်အထိ အားစိုက်ရှူနေရခြင်း)
✨ အစာ သို့မဟုတ် ရေကို လုံးဝမစားသောက်ခြင်းတို့ဖြစ်ပါသည်။
ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ရလေအောင်.....ရောဂါကာကွယ်ရေး နည်း လမ်းများဖြစ်သည့် -
✨ဆပ်ပြာ၊ ရေ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးခြင်း၊
✨ဖျားနာခြင်းအစရှိသော သံသယလက္ခဏာရှိသူများအနေဖြင့် နှာချေချောင်းဆိုးခြင်း ခံစား နေရပါက ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ခြင်း၊ ပါးစပ်နှာခေါင်းစည်း မဝတ်ခင်အချိန်တွင် နှာချေ၊ ချောင်းဆိုးပါက တစ်ရှူး သို့မဟုတ် တံတောင်ကွေးဖြင့်အုပ်၍ဆိုးခြင်း၊
✨ရောဂါပြင်းထန်စွာခံစားရနိုင်ခြေရှိသူများဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် ၅ နှစ်အောက် ကလေးငယ်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များနှင့် နာတာရှည်ရောဂါအခံရှိသူများသည် ရောဂါပိုး ကူးစက်ခြင်းခံရသူ သို့မဟုတ် သံသယ လူနာများနှင့် တတ်နိုင်သရွေ့ အနီးကပ် ထိတွေ့မှုမပြုခြင်း။
✨ပူပူနွေးနွေး အစားအသောက်ကို စားသုံးခြင်း။
✨ကိုယ်ခံအားကောင်းအောင်နေခြင်း။
✨အိပ်ရေးဝအောင် အိပ်ခြင်း။
✨ Mask တပ်ခြင်း။
✨ ကြက်ဥပြုတ် စားခြင်း။
ရောဂါပြင်းထန်စွာခံစားရနိုင်ခြေရှိသူများသည် နှစ်စဉ် နှစ်အလိုက်ထွက်ရှိသည့် ရာသီ တုပ်ကွေးကာကွယ်ဆေးထိုးနှံမှုခံယူခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အပြင်းအထန်ဖျားခြင်း၊ ဝမ်းလျှောခြင်း၊ ရေအလွန်အမင်းငတ်ခြင်း၊ရေငတ်သော်လည်း မသောက်နိုင်လောက်အောင်ပျော့ခွေခြင်း၊ မှိန်းခြင်း၊ တက်ခြင်း၊သတိလစ်ခြင်း၊ ဝမ်းထဲတွင်သွေးပါခြင်းစတဲ့ လက္ခဏာတွေရှိလာပြီဆိုရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အရေးပေါ်ပြသသင့်ပါသည်။
Ref : မြန်မာ့အလင်းသတင်းစာပါ ရာသီတုပ်ကွေးရောဂါ သတိပြုကာကွယ်ပါ ဆောင်းပါ ကိုမှီငြမ်းဖော်ပြထားပါသည်။


